Sampling အသက် ယဲ့ယဲ့ပဲကျန်တော့လား ??? အပိုင်းတစ

ကန်ယေးဝက်စရဲ့ နောက်ဆုံးအယ်လဘမ် 808’s & HeartBreak ရဲ့ဖောင်ဒေးရှင်းကရိုးရှင်းတဲ့ Beat တွေနဲ့ Auto-Tune သုံးထားတဲ့ အဆိုသံတွေဟာ အယ်လဘမ်ခေါင်းစဉ်မှာဆိုထားတဲ့အတိုင်း လမ်းခွဲမှူကိုဖော်ပြနေပါတယ် ။ ဒါပေမယ့် ဒီခွဲထွက်မှုက West သဘောပေါက်ထားတာထက်တောင်မှပဲ ပိုနက်ရှိုင်းနေမလားပါပဲ ။ သူ့ရဲ့ ဂီတသံအသစ်ဟာ အရင်ကသူ့အားထုတ်မှူတွေကနေ ထင်ရှားတဲ့ခွဲထွက်မှုတစ်ခုဖြစ်တဲ့ အပြင် နားထောင်သူတော်တော်များများက Hiphop လို့ယူဆထားကြတဲ့ နယ်နိမိတ် အကန့်အသတ်တွေအတွက်စိန်ခေါ်မှုတစ်ခုလဲဖြစ်ခဲ့ပါတယ် ။

808’s & Heartbreak ဟာ ဒီဂီတအမျိုးအစားပေါ်မှာ အရမ်းအသုံးများတဲ့Sample တွေ(သီချင်းတစ်ပုဒ်မှာအဆင်သင့်အသုံးပြုနိုင်တဲ့ရှိပြီးသားတီးလုံး အပိုင်းအဆတွေ) ပေါ်မှာ မမှီတည်ထားပါဘူး ။West ရဲ့ ရှေ့အယ်လဘမ် Graduation ထဲမှာပါဝင်တဲ့ သီချင်း၁၃ပုဒ်ထဲက ၁၀ပုဒ်မှာဒီ Sample တွေပါဝင်ခဲ့ပေမယ့် ဒီအယ်လဘမ်ထဲမှာတော့ သိသာထင်ရှားတဲ့ Sample တစ်ခုမှမတွေ့ရပါဘူး ။

ဒီလိုပြောင်းလဲလာတာ သူမှမဟုတ်ပါဘူး ..Young Jezzy ရဲ့နောက်ဆုံးအယ်လဘမ် The Recession ထဲမှာလည်းSample သုံးခုကိုပဲ သုံးထားပါတယ် ။နောက်ပြီး T.I ရဲ့နောက်ဆုံးခွေ Paper Trail ထဲမှာတော့ ၄ခုပဲပါပါတယ် ။နှစ်ပေါင်း၃၀ လောက် Hiphop ရဲ့စည်းချက်ဖန်တီးသူတွေရဲ့ အရေးကြီးတဲ့အစိတ်အပိုင်း အဖြစ်တည်ရှိခဲ့တဲ့ Sample အခြေပြု ထုတ်လုပ်မှုတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ကုန်ကျစရိတ်မြင့်တက်လာခြင်းနဲ့ကြီးထွားလာတဲ့ တရားရင်ဆိုင်မှူတွေ ကြောင့် ဖြည်းဖြည်းချင်းလျော့ပါးလာခဲ့ပါတယ် ။

ဒီနေ့ အချိန်မှာ …sample တစ်ခုကိုရဖို့ ပျမ်းမျှအနည်းဆုံးကုန်ကျစရိတ် ဟာ ဒေါ်လာတစ်သောင်း လောက်ရှိပြီး မူပိုင်ခွင့်အတွက်အမှုရင်ဆိုင်ရမယ့် ပြသနာကလည်း ဂီတသမားတွေ နဲ့ ဂီတကုမ္ပဏီ တွေရဲ့ အပေါ်မှာ အကြီးအကျယ် ခြိမ်းချောက်နေပါတယ် ။ ဒါ့ပြင် နာမည်ကြီး ရက်ပါတွေဟာ ဂီတထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ တရားရေးရင်ဆိုင်ရာပစ်မှတ်တွေဖြစ်လာတာကြောင့် တစ်ကိုယ်တော်ရပ်တည်တဲ့ MC တွေအနေနဲ့ ဒါတွေကို ရင်ဆိုင်နွဲနိုင်ဖို့ရုန်းကန်နေကြရပါတယ် ။

ပုံသေစံ ဈေးနှူန်းသတ်မှတ်ထားခြင်း မရှိတဲ့အတွက် Sample တွေရဲ့ဈေးကြီးလွန်းတဲ့ ကုန်ကျစရိတ်တွေဟာHiphop Producer အများစုကိုဖန်တီးမှုအားကောင်းတဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲလာ စေခဲ့ပါတယ် ။ဆင်သီဆိုက်ဇာတွေ ၊ ဒရမ်စက်တွေ ၊Aut0-Tune တွေနဲ့ အီလက်ထရောနစ် ထုတ်လုပ်ထုတ်လုပ်မှုစစ်စစ်ဘက်ကိုသွားတဲ့ အထာဟာ ဒီဂီတအမျိုးအစားထဲကို အဓိကကျတဲ့ စတိုင်အပြောင်းအလဲတစ်ခု ကို ထိုးသွင်းပေးလိုက်ပြီးNeptunes , Timbaland နဲ့ T-Pain တို့လိုမျိုး ပရိုဂျLစာတွေက ရှေ့တန်းကနေ ဦးဆောင်ခဲ့ကြပါတယ် ။

“Hiphopရဲ့အနုပညာပုံသဏ္ဍာန်တစ်ခု၊ဒီဂီတတစ်ခုကိုကျွန်တော်တို့ငြိတွယ်စေခဲ့တဲ့အသံဟာ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်လာနေပါပြီ ´´

လို့ Wutang Clan ရဲ့ ပရိုဂျူစာ နဲ့ Mc ဖြစ်တဲ့ RZA ကပြောပါတယ် ။

“ အခုတော့ Hiphop ဟာ Pop ဂီတရဲ့ မူကွဲပုံသဏ္ဍာန် တစ်ခုလို ဖြစ်လာနေပါပြီ ´´ လို့သူကဆိုပါတယ် ။

၉၀ပြည့်လွန်အစောပိုင်းထိမှာတော့ဂီတထုတ်လုပ်သူတွေဟာတခြားဂီတသမားတွေရဲ့ တီးလုံးတွေကိုလွတ်လွတ်လပ်လပ်ပဲယူပြီး Sample တွေပြန်လုပ်ခဲ့ကြပါတယ် ။ဒါပေမယ့် ၁၉၉၁ ခုနှစ် မှာတော့ BizMarkie နဲ့ဖြစ်ခဲ့တဲ့အမှူတစ်ခုကနေ Hiphop ရဲ့ ဥပဒေစည်းကမ်းတွေကို ပြောင်လဲသွားစေခဲ့ပြီး Sample ကိုအခြေခံတည်ဆောက်တဲ့ဂီတတစ်ခုလုံးကိုလည်း ပြောင်းလဲသွားစေခဲ့ပါတယ် ။

အဲဒီနှစ်က ရက်ပ်ပါ BizMarkie ဟာ ၁၉၇၂ ခုနှစ်ကဂီလ်ဘတ်အိုဆူလီဗန် ရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ ` Alone Again (Naturally) ´ ရဲ့ Sample အစိတ်အပိုင်းတစ်ခုကိုသူ့ရဲ့ အယ်လဘမ် I Need a Haircut ထဲက သီချင်းတစ်ပုဒ်ထဲမှာ ယူသုံးခဲ့တာကြောင့် Newyork က . . .

အမေရိကန်တိုင်း တရားသူကြီးရုံး မှာ အမှူရင်ဆိုင်ခဲ့ရပါတယ် ။ သူဟာ အိုဆူလီဗန် ရဲ့ ခွင့်ပြုချက်ကို အရင်တောင်းခဲ့ပေမယ့်အကြောင်းပြန်မလာတဲ့ အခါမှာ Sample ကိုဒီအတိုင်း ထည့်သုံးလိုက်တာပါ ။ ရက်ပ်ပါ မာကီ ရဲ့လုပ်ရပ်ဟာ တရားသူကြီးကီဗင်သောမတ်စ်ဒပ်ဖီ ရဲ့ တင်းမာတဲ့ တုံ့ပြန်မှုကို ဖြသ်ပေါ်လာစေခဲ့ပါတယ် ။

“ သူ့ပစ္စည်းကိုမခိုးရ ´´ ဆိုတာဟာ လူ့အဖွဲ့အစည်းရဲ့ အာရုဏ်ဦးကာလ ကတည်းက ကလိုက်နာခဲ့ကြတဲ့ သတိပေးပညက်ချက်တစ်ခုဖြစ်တယ် “

လို့ဒပ်ဖီကမာကီကိုပြောခဲ့ပါတယ်။ဒီနောက်သူဟာColdChillin/WarnerBros.Records ကို ဒီ အယ်လဘမ် နဲ့သီချင်းကို ဖြန့်ချီမှူပိတ်ပင်တဲ့ အမိန့်ချခဲပါတယ် ။

“ လူတွေက ဘစ်ဇ်ရဲ့ အမှုကို တစ်ဆစ်ချိုး အမှတ်တစ်ခုအဖြစ်ပြောဆိုပါတယ် ´´ လို့ Sample ခွင့်ပြုမိန့်ပြသနာ ဖြစ်နိုင်ခြေကိုသုံးသပ်ဆန်းစစ်ပေးတဲ့ အေဂျင်စီ တစ်ခုဖြစ်တဲ့Clearance 13′-8″ ရဲ့ ဥက္ကဋ္ဌ ဟုပ်ကား ကပြောပါတယ်

“ အဲဒီ အမှူစီရင်ချက်ဟာ အကြီးအကျယ်စိတ်ပျက်စရာကောင်းပါတယ်. .ဘာလို့လဲဆိုတော့ အမိန့်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တကယ့် ဥပဒေ တစ်ခုခုကို ကိုးကားပြီး ပြစ်ဒဏ်ချခဲ့တာ မဟုတ်လို့ပါပဲ. .သူကိုးကား ခဲ့တာက သမ္မာကျမ်းတစ်ခုတည်းကိုပါပဲ . . . ဒါပေမယ့်အဲဒါကလူတွေအများကြီးရဲ့အာရုံစိုက်ခံရမှူကိုတော့ကျိမ်းသေရစေခဲ့ပါတယ် ´´ တဲ့… ။

( နောက်တစ်ပတ်တွင်ဆက်လက်ဖတ်ရှုပါရန် . . . )

ဂျွန်မိုးစက်

Now Magazine Vol5,Issue 86 မှပြန်လည်ကူးယူဖော်ပြပါသည်။

0 Response to "Sampling အသက် ယဲ့ယဲ့ပဲကျန်တော့လား ??? အပိုင်းတစ"

Post a Comment

Comment Here..