R&Bအဆိုတော် Rihanna လက်ထပ်တော့မည်လား
စေ့စပ်လက်စွပ် ၀တ်ဆင်ထားသည့် ရီဟန်နာ(Rihanna)ကြောင့် သူမလက်ထပ်တော့မည်ဆိုသော သတင်းများအား ပိုမိုသေချာလာစေခဲ့သည်။ အသက်(၂၀)သာရှိသေးသည့် နာမည်ကျော် R&Bအဆိုတော်သည် လက်တွင် စိန်လက်စွပ်ကြီးတစ်ကွင်း ၀တ်ဆင်ထားခြင်းကြောင့် အသက်(၁၉)နှစ်အရွယ် အဆိုတော်ချစ်သူ ခရစ်ဘရောင်းနှင့် လက်ထပ်ရန် အဆင်သင့် ရှိနေပြီဟု သူမ၏ ပရိသတ်များက ခန့်မှန်းခဲ့ကြသည်။ Umbrella သီချင်း အဆိုတော်မလေးသည် နှစ်သစ်ကူးနေ့ နံနက်စောစောတွင် ဆိုဟိုရှိ Movida နိုက်ကလပ်မှ ကသုတ်ကရတ် ထွက်လာစဉ်အတွင်း သတင်းထောက်များက သူမ၏လက်မှ လက်စွပ်ကို အမိအရ ဓာတ်ပုံရိုက်ထားနိုင်ခဲ့သည်။ဘာဘေဒိုးဇာတိ အဆိုတော်မလေး၏ မိတ်ဆွေများက ရီဟန်နာနှင့် ခရစ်တို့သည် စေ့စပ်ပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လက်ထပ်ရန် စီစဉ်ထားခြင်း ရှိမရှိကိုမူ အသေအချာ ပြောဆိုခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ရီဟန်နာတို့ ချစ်သူနှစ်ဦးသည် (၂၀၀၇)ခုနှစ်ကတည်းက တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး သူမတို့နှစ်ဦးကြား နားလည်မှုမှာ အလွန်ခိုင်မြဲကြောင်း ရီဟန်နာက ပြောဆိုခဲ့ဖူးသည်။ ရီဟန်နာ၏ Disturbia အယ်လ်ဘမ်သည် ဗြိတိန်၏ ထိပ်ဆုံးနံပါတ်(၃) တစ်ကိုယ်တော်အယ်လ်ဘမ်အဖြစ် စာရင်းပေါက်သည်အထိ အောင်မြင်ခဲ့ဖူးပြီး ရီဟန်နာသီဆိုသော သီချင်းအချို့ကို ခရစ်က ရေးပေးခဲ့ဖူးကြောင်း သိရှိရသည်။ သူမ၏ ပရိသတ်များအနေနှင့် သူမနှင့်ခရစ်တို့ လက်ထပ်မည်ကို လိုလားနေကြောင်း သဘောပေါက်သော်လည်း မည်သည့်အချိန်တွင် လက်ထပ်ဖြစ်မည်ကို အသေအချာ မပြောနိုင်သေးကြောင်း ရီဟန်နာက ပြောဆိုခဲ့ဖူးသည်။
Source: Planet.com.mm
Source: Planet.com.mm
RSS Feed



0 Response to "R&Bအဆိုတော် Rihanna လက်ထပ်တော့မည်လား"
Post a Comment
Comment Here..